KNOWLEDGE

ကလေးများ အစားစားချင်စိတ်ဖြစ်လာအောင် ဂျပန်လူမျိူးတွေ အသုံးပြုတဲ့ နည်းလမ်း (၅) မျိုး

မိဘတွေအတွက် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ ကလေးက အချိုအချဉ်တွေပဲ ကြိုက်တတ်တာမို့ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့ အစားအစာတွေ ကျွေးရင် မစားချင်ကြပါဘူး။ ဒီလို အစားအစာတွေက ခါးတဲ့အပြင် ရုပ်အဆင်းလဲမလှ ကလေးတိုင်းကလည်း မကြိုက်ကြပါဘူး။

ထူးခြားတာ တစ်ခုက ဂျပန်က ကလေးတွေကတော့ ဂျီးမများ တတ်ကြတဲ့အပြင် ထမင်းစားပွဲဝိုင်းတွေမှာလည်း ညစ်ပတ်အောင် မလုပ်ကြပါဘူး။ ဒါကြောင့် ဂျပန်လူမျိုးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်လိုထိန်းကျောင်းလဲ ဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်နော်။

၁။ အရသာ အသစ်အဆန်းတွေကို အမြဲတမ်း စားခိုင်းတယ်။

ကလေးလေးတွေဟာ အစားအစာ တစ်ခုတည်းကို အမြဲတမ်း ကျွေးနေရင် ငြီးငွေ့လာပြီး နောက်ပိုင်း ဒီအရာကို မစားချင်တော့ပါဘူး။ ကလေးတစ်ယောက်ဟာ အစားအစာအသစ်တွေကို အမြဲတမ်း စားနေရမယ်လို့ ဂျပန်လူမျိုး မိဘတွေက ခံယူထားကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရကတော့ ကလေးတွေ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားခိုင်းရင် ကြီးလာရင်လည်း အစားအသောက် ဂျီးမများဘဲ ကျန်းမာသန်စွမ်းတယ်လို့ ပြောပါတယ်။ ကလေးတွေကို အရသာအသစ် မြည်းစမ်းခိုင်းတိုင်း အတွေ့အကြုံအသစ်တွေ ရပြီးတော့ အစားအသောက်တွေကိုလည်း ပိုမိုစိတ်ဝင်စားစေလာပါလိမ့်မယ်။

၂။ ကလေးစားချင်တာကိုပဲ ကျွေးပါ။

ကလေးတွေ အစာစားချင်စိတ် ပျောက်တဲ့ အရာတစ်ခုကလည်း သူတို့ မစားချင်တာတွေကို ခဏခဏ ကျွေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို သူဘာတွေ စားချင်လဲမေးပါ။ တကယ်လို့ သူစားချင်တဲ့အရာက မကောင်းဘူး ဆိုရင်လည်း ဘာကြောင့် မကောင်းဘူးဆိုတဲ့ အချက်ကို သေချာရှင်းပြပါ။ ဒီလို လုပ်ခြင်းဟာ မိဘနဲ့ ကလေးကြား ဘယ်အစားအသောက်တွေက မသင့်တော်ဘူးလဲ ဆိုတာကို ပိုသိလာစေပါတယ်။

၃။ ပန်းကန်ပြား သေးသေးလှလှလေးတွေနဲ့ ကျွေးပါ။

ပန်းကန်ပြား သေးသေးလေးတွေနဲ့ ကလေးတွေကို ကျွေးသင့်တယ်ဆိုတဲ့ အချက်ကတော့ ရိုးရှင်းပါတယ်။ သူတို့ကို ပန်းကန်ပြားအကြီးနဲ့ ကျွေးတဲ့အခါ အစားအစာတွေက များလွန်းတယ် မကုန်နိုင်ဘူးလို့ တွေးတတ်လာကြပါတယ်။ တကယ်လို့ ပန်းကန်ပြားသေးသေး လှလှလေးတွေနဲ့ ကျွေးရင်တော့ ဒီလောက်လေးကတော့ ငါစားလို့ ကုန်တယ်ဆိုပြီး ကုန်အောင် စားမယ့်အပြင် နောက်ထပ်ပါ ထပ်တောင်းဦးမှာပါ။ အကြောင်းရင်းကတော့ လူကြီးတွေအတွက် ပန်းကန် ဆိုတာကတော့ ပုံမှန်ဖြစ်နေပေမယ့် ကလေးတွေအတွက် အရမ်းကြီးနေတဲ့အရွယ် ဖြစ်နေတာကြောင့်ပါ။

၄။ မိသားစုနဲ့ ထမင်းဝိုင်းစားပါ။

ဂျပန်မိဘတွေဟာ အစားအသောက်ပိုင်းနဲ့ ပတ်သက်ရင် စည်းကမ်းကြီးသလို သူတို့ သားသမီးတွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကိုပဲ ရွေးချယ်တတ်အောင် သင်ကြားပေးပါတယ်။ ထမင်းဟင်းချက်တဲ့အခါမှာလည်း အတူတူ ချက်ကြပြီးတော့ စားသောက်ရင်လည်း တူတူ ထိုင်စားကြပါတယ်။ ဒီလိုလုပ်ခြင်းက အစားအစာရဲ့တန်ဖိုးကို နားလည်စေတဲ့အပြင် သူတို့ကြိုက်တာ မကြိုက်တာကိုလည်း ရွေးချယ်ခွင့် ရစေပါတယ်။ ကလေးကိုလည်း ဘယ်အစားအစာက ပိုစားကောင်းတယ်၊ ဘယ်အစားအစာက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတာကိုလည်း သိစေပါတယ်။

၅။ လေ့ကျင့်ခန်းများများ လုပ်ခိုင်းပါ

ဂျပန်လူမျိုးတွေက စက်ဘီးစီးတာတွေ၊ တောင်တက်တာတွေ စတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို အရမ်းကြိုက်ကြပါတယ်။ ပြီးတော့ ကလေးတွေကိုလည်း ပြေးတာတွေ၊ ခုန်တာတွေ လုပ်ဖို့ အားပေးပါတယ်။ ဘာလို့လဲ ဆိုတော့ အစားအစာတွေကို စားချင်စိတ်ပေါက်အောင် လုပ်ဖို့အတွက် လေ့ကျင့်ခန်းတွေရဲ့ အရေးပါပုံကို သိလို့ပါပဲ။ ကလေးတွေကို အိမ်ထဲမှာ ဂိမ်းကစားခိုင်းတာထက် မိဘတွေနဲ့ လမ်းလျှောက်ထွက်တာတွေ၊ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ဆော့တာတွေက ပိုကောင်းတယ် လို့တောင် သတ်မှတ်ထားကြပါတယ်။

Credit – Zombie (Lovemedia)