Daily News

စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်တော့မည့် မြန်မာ့ကုန်သွယ်ရေးစင်တာ

စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်တော့မည့် မြန်မာ့ကုန်သွယ်ရေးစင်တာ

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ထိရောက်စွာအသုံးချနိုင်ရန် Myanmar Trade Center (Singapore) ကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Myanmar Trade Center (Singapore)ကို စင်ကာပူနိုင်ငံမြန်မာသံရုံးက အနီးကပ်ကြီးကြပ်သွားမည် ဖြစ်သည်။ စင်ကာပူနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် အရှေ့တောင်အာရှဒေသ၏အချက်အချာကျသည့် နေရာတစ်ခုဖြစ် ခြင်း၊ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့်လည်း စိုက်ပျိုးမြေရှားပါးကာစိုက်ပျိုးရေးထွက်ကုန် အများစုကိုတင်သွင်းနေရသော နိုင်ငံဖြစ်သောကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကိုမြင်တွေ့နေရသည်ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့က ဆိုသည်။

“စင်ကာပူကတော့ ပို့နေကျနိုင်ငံလည်းဖြစ်တယ်။ သူတို့ကြိုက်တဲ့ စိန်တစ်လုံးတို့ သခွားမွှေးလိုဟာမျိုးတွေယူနေတာရှိတယ်။ တင်ပို့မယ် ဆိုရင်လည်း တစ်ပတ်လောက်ဆို ရောက်တဲ့နေရာမျိုးဖြစ်တယ်။ စင်ကာပူကလူဦးရေကနည်းတော့ ကျန်တဲ့နိုင်ငံတွေလိုတော့ ပမာဏတော့ သိပ်အများကြီးရောင်းရဖို့ ခက်ခဲမယ်။ ဒါပေမဲ့စားသုံးမှုနဲ့ သူ့ရဲ့ ပိုက်ဆံသုံးနိုင်တဲ့အားကမြင့်တဲ့အခါကျတော့ အခုလိုလုပ်ရင်ဈေးကွက် တစ်ခုတော့ ရသွားနိုင်တယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှအတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

စင်ကာပူနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် သွင်းကုန်ကန့်သတ်ချက် အများကြီး မရှိကြောင်း၊စိုက်ပျိုးထုတ်လုပ်သည့် အရည်အသွေးသတ်မှတ်ချက် တစ်ခုသာ လိုအပ်သောကြောင့် တင်ပို့ရလွယ်ကူကြောင်း၎င်းက ပြောသည်။

“ဘာသီးနှံမဆို အကုန်ပို့လို့ရတယ်။ နောက်ပြီး စင်ကာပူက တင်ပို့ရတာနီးတော့ တခြားထွက်နေတဲ့သီးနှံတွေ အများကြီးရှိတယ်။ ဒါတွေကိုဈေးကွက်ဖောက်နိုင်ရင် ကောင်းတယ်။ကျွဲကောသီးဆိုတစ်ခါပဲ စင်ကာပူပို့ပြီးဆက်မ ပို့နိုင်ဘူး။ ဒါတွေပြန်တင်ပို့လို့ရတယ်။ နီးနီးနားနား ဈေးကွက်ဖြစ်တော့ ရမည်းသင်းဘက်က စပျစ်သီးတွေဆိုလည်း စင်ကာပူကို ဈေးကွက်ဖောက်လို့ရတဲ့ အနေအထားရှိတယ်”ဟု ဦးကျော်သူက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံကြား ကုန်သွယ်မှုသည် ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၈ဝဝ ကျော်သို့ ရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၇ဝဝ ကျော်ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ခြံမြေ၊စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီးပြည်ပရင်းနှီးမြှုပ်နှံသည့် နိုင်ငံများထဲတွင်ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ခ ရက် ဒစ်