KNOWLEDGE

အချိန်ကြာမြင့်စွာ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်က ဂူကြီးအကြောင်း

အချိန်ကြာမြင့်စွာ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်က ဂူကြီးအကြောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် အနောက်ဘက်ယွန်းယွန်း ၁၀ မိုင်ခန့်အကွာတွင် တည်ရှိတဲ့ ပြဒါးလင်းဂူ(ဗဒလင်းဂူ)ပဲ ဖြစ်ပါတယ်။မြန်မာပြည်၌ရှိသော ဂူကြီးများအနက် အကြီးဆုံး ဂူလည်းဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀ အမြင့်တွင် ရှိပြီး ဂူပုံစံဟာ ပုတတ်(ပဒတ်) ခေါင်းထောင် နေသလိုလို ခပ်မြင့်မြင့် ခပ်မော့မော့ ရှိနေလို့ ဗဒတ်လိုဏ်ဟု ခေါ်ဆိုခဲ့ပြီ နောက်ပိုင်းမှ ပြဒါလင်းဂူလို့ ခေါ်ဆိုခဲ့တာပါ။ ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့်  ပြဒါးလင်းဂူဟု ပညာရှင်များက ပြင်ပြီးခေါ်ဆိုခဲ့ကြတာပါ။

ဂူအမှတ် (၁) နှင့် ဂူအမှတ် (၂) ဟူ၍ ရှိပါတယ်။ဂူတစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ သာကွာဝေးပါတယ်။ ဂူအမှတ် (၁) သည် နံရံဆေးရေးပန်းချီများရှိသော ဂူဖြစ်ပြီး အလျားပေ ၈၀ ခန့်ကျယ်ပြီး၊ အနံ ၂၀ ပေနှင့် အမြင့် ၁၄ ပေခန့် ရှိသောဂူ ဖြစ်ပါတယ်။

ဂူနံရံပေါ်တွင် နီညိုရောင် ရေးဆွဲထားသော ပန်းချီ ရုပ်ပုံများ ရှိနေပြီး လက်ဝါးပုံ နှစ်ခု ၊ နေပုံ တစ်ခု နှင့် တိရိစ္ဆာန်ပုံ များ အပါအ၀င် ၁၂ ပုံခန့်ရှိပါတယ်။သုတေသီများက ပြဒါလင်းဂူမှ ကျောက်ခေတ်လက်ရာပုံများသည် အနောက်တိုင်း ကျောက်ခေတ်လက်ရာများနှင့် တူညီမှုရှိကြောင်း မှတ်ချက်ပြုထားပါတယ်။

ဂူအမှတ် (၂)သည် ဂူကြီး ၅ ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ ၈၀၀ ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ ၉၀ ခန့်ရှိပါတယ်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် ၅ ပေမှ ၁၅ ပေခန့်ရှိသော အမိုးပေါက် ၆ ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရပါတယ်။‌

သဘာဝထုံးကျောက်များမှဖြစ်ပေါ်လာသော ကျောက်လည်တိုင်၊ ကျောက်ဆက်မိုးမျှော်၊ ကျောက်ဆက်ပန်းဆွဲများဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း(နှစ်သန်း) ခန့်က ပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှ ကြီးမားသော သဘာဝဂူကြီး အဖြစ် တည်ရှိခဲ့ဟန်တူပါတယ်။ဂူအမှတ် ၂ မှာတော့ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အထောက်အထားမတွ့ရပါဘူး။ ၁၉၃၇_၁၉၃၈ခုနှစ်တွင် ရှမ်းပြည်နယ်ရှိဂူများကို အပါ်ယံ စုံစမ်းစစ်ဆေးမှုအား အမေရိကန်အရှေ့တောင်ပိုင်း လူသားများအတွက် လေ့လာရေးတောင်တက်အဖွဲ့မှ ပြုလုပ်ခဲ့တယ်လို့လဲ သိရပါတယ်။

ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က ၁၉၆၀ တွင် ဂူအတွင်းရှိ နံရံဆေးရေး ပန်းချီများကိုရှာဖွေတွေ့ရှိခဲ့ပြီး  ၁၉၆၉ မှ ၁၉၇၂ ခုနှစ်အတွင်း မြန်မာအစိုးရဟာ ပိုမိုနက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ် တွင်လည်း သုတေသန ပညာရှင်များက ဂူသို့နောက်ထပ်လာရောက်ပြီး ထပ်မံတူးဖော်ခဲ့ပြန်ပါတယ်။

(တချို့ကလည်း ၁၉၆၈ မှာရွာငံမြို့နယ်၊ညောင်ကြတ်ရွာမှ နွားကျောင်းသားကလေးငယ် ၂ ယောက်က စတင်တွေ့ ရှိ သတင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။)

တူးဖော်မှုမှ ကျောက်ခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေကို တွေ့ရှိခဲ့ရုံသာမက ကျောက်လက်နက် အကောင်း၊ အကျိုးစုစုပေါင်း၁၆ဝဝကျော်၊ တိရစ္ဆာန်တို့၏ အရိုးအပိုင်းအစများ၊ ပြာများ ၊အိုးခြမ်းပဲ့များ၊မီးသွေးခဲများ၊ ပန်းချီရေးဆွဲရာတွင် အသုံးပြုသောမြေနီခဲများကိုတွေ့ရှိခဲ့ပါတယ်။

တူးဖော်မှုမှ တွေ့ခဲ့ရတဲ့ မြေနီခဲ(Red Ochre)ကြောင့် ကျောက်ခေတ်လူသားများရေးဆွဲခဲ့သည်မှာထင်ရှားကြောင်းလေ့လာသိရှိရပါတယ်။ဂူထဲမှာအစဉ်မပြတ်မီးဖိုပြီးနေခဲ့လို့သာ ပြာထုလေးပေ ကျန်ရစ်ခဲ့တာဖြစ်ပြီး ပြာထုအရ ခန့်မှန်းကြည့်လျှင် ဂူအတွင်းမှ လူများဟာ အနှစ်တစ်သောင်းကျော်က နေခဲ့ကြတယ်လို့ ပညာရှင်များက လေ့လာခန့်မှန်းကြပါတယ်။

ပြဒါးလင်းဂူမှ ကျောက်ခေတ် ယဉ်ကျေးမှုဆိုင်ရာ တွေ့ရှိချက်များဟာ မြန်မာ့ကျောက်ခေတ်ယာဉ်ကျေးမှုကိုသာမက အရှေ့တောင်အာရှ ကျောက်ခေတ်နှင့်လူ့သမိုင်း၊ ကမ္ဘာ့ကျောက်ခေတ်နှင့် ယဉ်ကျေးမှုသမိုင်းတို့အတွက်လည်း အထောက်အထားအင်အား ဖြည့်စွက်ပေးလျက်ရှိပါတယ်။ယခုအခါရှေးဟောင်းသုတေသနဌာနမှ စနစ်တကျ ပြုပြင်ထိန်းထားပြီး ကျောက်ခေတ်က  အကြောင်းအရာများ၊ တောတောင်ရှူ့ခင်းမျာကို လေ့လာရင်း သွားရောက်လည် ပတ်သင့်တယ်လို့ မှတ်ချက်ပြုပါရစေ။

မြန်မာနိုင်ငံ ကျောက်ခေတ် သက်တမ်းကာလတွင် လူသားများနေထိုင်ခဲ့ဖွယ်ရှိသည့် သဘာဝလှိုဏ်ဂူများအနက် ရှမ်းပြည်နယ်အတွင်း မုံတဝဂူ၊ ပေါ်လပတ်ဂူ၊ဗုဒ္ဓေါဇိနောဂူ၊ပါပန့်ဂူ၊ဆူးဇောင်းဂနိုင်ဂူ၊ကျောက်တိုင်ဂူ၊တောင်ဘို့တောင်ဂူ၊ထပ်အိမ်ဂူ၊ကျောက်ရေအိုးဂူ စသည်တို့လည်း တည်ရှိနေပါတယ်။

Crd – Knowledge Worm