KNOWLEDGE

မျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေထဲက ကြောက်စရာသတ္တဝါကြီးများရဲ့ ဇာတ်ကြောင်း

မျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေထဲက ကြောက်စရာသတ္တဝါကြီးများရဲ့ ဇာတ်ကြောင်း

အခုပြောပြပေးသွားမယ့် အကောင်တွေက အလွန်အန္တရာယ်ရှိတဲ့သတ္တဝါတွေမို့ သူတို့ ဒီလို မျိုးတုံးပျောက်ကွယ်သွားခြင်းဟာ လူသားတွေနဲ့ အခြားဇီဝလောကကြီးတစ်ခုလုံး ငြိမ်းအေးစေတယ်လို့ ပညာရှင်များက ယူဆခဲ့ကြပါတယ်။ ကမ္ဘာဦးအစက သတ္တဝါတွေထဲမှာ အခုအချိန်အထိ ကျန်ရှိနေသေးတဲ့ သတ္တဝါမျိုးစိတ်တွေလည်းရှိပြီး- အကြောင်းအမျိုးမျိုးကြောင့် မျိုးတုံးပျောက်ကွယ်သွားတဲ့ သတ္တဝါတွေလည်း အများကြီးရှိခဲ့ပါတယ်။ မျိုးတုံးပျောက်ကွယ်သွားတဲ့ သတ္တဝါတွေထဲမှာ ဒိုင်နိုဆောလို သတ္တဝါတွေလည်းပါဝင်ပြီး အရမ်းလှပတဲ့ ငှက်တွေ-ထူးခြားတဲ့ပုံစံရှိတဲ့ အကောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ အဆိုပါ မျိုးတုံးပျောက်ကွယ်သွားတဲ့ သတ္တဝါတွေဟာ အခုအချိန်မှာ ရှိနေခဲ့သေးရင် ဘာတွေဖြစ်မလဲ – ဘယ်လောက်အထိ ကြောက်စရာကောင်းနေနိုင်မလဲဆိုတာကို တင်ဆက်ပေးသွားပါမယ်။

မြွေဘုရင်

အခုပြောပြသွားမယ့်မြွေကတော့ လူတွေမြင်ဖူးနေတဲ့ မြွေများထက် ပိုရှည်လျားပြီး- ပိုလေးလံတဲ့ မြွေကြီးတွေပဲဖြစ်ပါတယ်။ တစ်ချိန်ကတော့ ကမ္ဘာရဲ့ အကြီးဆုံးသတ္တဝါအကောင်တွေဟာ ဒိုင်နိုဆောတွေ ဖြစ်ခဲ့ပေမယ့် ဒိုင်နိုဆောတွေမျိုးတုံးသွားချိန်မှာတော့ ဒိုင်နိုဆောတွေရဲ့ ရာထူးကို အဆိုပါ မြွေကြီးတွေက ရယူခဲ့ပါတော့တယ်။ ဟုတ်ပါတယ်။

အဆိုပါမြွေကြီးတွေဟာ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တဲ့ ကုန်းနေသတ္တဝါတွေထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်ခဲ့ပါတယ်။ အဆိုပါ မြွေကြီးတွေကို နှောင်းလူတွေက (တိုက်တန်းနိုဘိုဝါ – Titanoboa) လို့ အမည်ခေါ်ဝေါ်ခဲ့ကြပါတယ်။ တိုက်တန်းနိုဘိုဝါ မြွေကြီးတွေက ပေ ၅၀ လောက်ရှည်လျားပြီး ပေါင်-၂၅၀၀ လောက်အလေးချိန်ရှိမယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။

သူတို့ရဲ့ အစာကတော့ မိချောင်းတွေပဲဖြစ်ပြီး- အံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ သူတို့ဟာ အစာ နည်းနည်းလေးသာစားပြီး အသက်ရှင်နေထိုင်နိုင်စွမ်းရှိကြပါတယ်။ လုံလောက်တဲ့ အစာအာဟာရတစ်ခုကို စားပြီးသွားရင် တစ်နှစ်ပတ်လုံး ဘာမှ မစားဘဲ ခွေနေလေ့ရှိကြတဲ့ မြွေကြီးတွေပါ။ အဆိုပါ မြွေကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကိုတော့ ၂၀၀၉ ခုနှစ် – ကိုလံဘီယာနိုင်ငံမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခုမှာ တူးဖော်ရရှိခဲ့ပါတယ်။

တိုက်တန်းနိုဘိုဝါ မြွေကြီးတွေသာ မျိုးမတုံးဘဲ အခုအချိန်အထိသာ ရှိသေးရင်တော့ ရုပ်ရှင်ကားတွေထဲက တွေ့ရတဲ့ မြွေကြီးတွေလိုဖြစ်နေမှာကတော့ မြေကြီးလတ်ခတ်မလွဲပါပဲ။ ပေ ၅၀ လောက်ရှည်တဲ့ မြွေကြီးတွေဖြစ်ပြီး အဆိပ်ကလည်း ပြင်းထန်နေမယ့် အကောင်ကြီးတွေဆိုတော့ လူသားတွေအတွက်တော့ လန့်မယ်ဆို လန့်လောက်စရာပါပဲ။

ပင်လယ်ကင်းမြီးကောက်

ကင်းမြီးကောက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ လှေတစ်စင်းလို အပြားလိုက်ဖြစ်နေမယ်ဆိုတာကို အရင်ဆုံးတွေးပေးစေချင်ပါတယ်။ အဆိုပါ ခန္ဓာကိုယ်ကလည်း လူတစ်ယောက်ရဲ့ အရပ်အတိုင်း ၅ – ပေ ၊ ၆- ပေလောက် ရှည်လျားနေမယ်ဆိုတာကိုပါ တစ်ဆက်တည်း တွေးကြည့်စေချင်ပါတယ်။ ဟုတ်ပါတယ်။ အခု ပြောပြပေးသွားမယ့်အကောင်ကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအတိုင်း အတိအကျရှိခဲ့တဲ့ ပင်လယ်ကင်းမြီးကောက်အကောင်တွေပါ။

အရင်ကတော့ အဲဒီပင်လယ်ကင်းမြီးကောက် အကောင်တွေဟာ ပင်လယ်ထဲမှာ ကျင်လည်ကျက်စားခဲ့ပေမယ့် အခုအချိန်မှာတော့ မျိုးတုံးပျောက်ကွယ်သွားပါပြီ။ သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုကိုတော့ အိုင်အိုးဝါးမြစ်ထဲက ရေကာတာတစ်ခုအောက်မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ယေးလ်တက္ကသိုလ်နဲ့ အိုင်အိုးဝါးတက္ကသိုလ်တွေက ပညာရှင်တွေကတော့ ကျောက်ဖြစ်ရုပ်ကြွင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ကြတဲ့အခါမှာ အဆိုပါ ပင်လယ်ကင်းမြီးကောင်သတ္တဝါတွေဟာ လွန်ခဲ့တဲ့နှစ်သန်း-၄၆၇နှစ်လောက်တုန်းကရှင်သန်ခဲ့တဲ့ သတ္တဝါတွေဖြစ်တယ်လို ခန့်မှန်းခဲ့ကြပါတယ်။

အဆိုပါ ပင်လယ်ကင်းမြီးကောက်တွေရဲ့ လက်တံတွေက တစ်ဆင့် အဆိပ်တွေကို ထုတ်ပေးပြီး သားကောင်တွေကို အစာအဖြစ် သတ်ဖြတ်ပါတယ်။လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအတိုင်းရှိနေပေမယ့် ပင်လယ်ပျော်ကင်းမြီးကောက်တစ်ကောင်ဆိုတာ့ ကြောက်စရာကောင်းတဲ့ အကောင်တစ်ကောင်ဖြစ်နေမှာပါ။

အခုအချိန်မှာတော့ အဆိုပါ ပင်လယ်ကင်းမြီးကောက်သတ္တဝါတွေဟာ မျိုးတုံးပျောက်ကွယ်သွားပါပြီ။ သူတို့မျိုးတုံးသွားတာဟာ လူသားတွေနဲ့ အခြားသတ္တဝါတွေအတွက်လည်း အတော်လေးကို သက်သာရာရသွားမှာ အသေအချာပါပဲ။

ဒိုင်နိုဆောတွေကိုစားတဲ့ မိချောင်း

ဒိုင်နိုဆောရုပ်ရှင်တွေကို ကြည့်တိုင်း ဒိုင်နိုဆောတွေ ရေကန်ဘေးရောက်သွားချိန်မှာ သူတို့ကို စောင့်နေတဲ့ အကောင်တစ်ကောင်ရှိပါတယ်။ အဲဒီအကောင်တွေဟာ မိချောင်းတွေဖြစ်ပြီး အရွယ်အစားကလည်း အလွန်ကြီးမားပါတယ်။ အဆိုပါ မိချောင်းတွေကို ဒိုင်နိုဆူးကပ်စ် (Deinosuchus)လို့ ခေါ်ပြီး ဂရိဘာသာစကားနဲ့ဆိုရင် ကြောက်မက်ဖွယ်မိချောင်းလို့ အဓိပ္ပာယ်ရပါတယ်။ အဆိုပါ မိချောင်းတွေဟာ အသားစားကြီးတဲ့ မိချောင်းတွေဖြစ်ပြီး ရေနေသတ္တဝါတွေဖြစ်တဲ့ ငါးတွေ -ခရုတွေယောက်သွားတွေကို စားတတ်ပါတယ်။

ဒါ့အပြင် အဆိုပါမိချောင်းတွေရဲ့ အစာထဲမှာ ကုန်းနေသတ္တဝါတွေလည်း ပါဝင်ပြီး ဒိုင်နိုဆောလိုအကောင်ကြီးမျိုးတွေလည်းပါဝင်ပါတယ်။ မြောက်အမေရိကားတောအုပ်တွေထဲမှာ ကျင်လည်ကျက်စားတတ်တဲ့ မိချောင်းတွေလို့ အများက လက်ခံထားကြပါတယ်။ အဆိုပါ ဒိုင်နိုဆောတွေကိုပါမချန် စားလေ့ရှိတဲ့ မိချောင်းတွေဟာ လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၈၀ လောက်က သတ္တဝါတွေပါ။ မိချောင်း တစ်ကောင်တစ်ကောင်ကို ပေ ၄၀ လောက် အရှည်ရှိပြီး အလေးချိန်ကလည်း ၅ တန်ကနေ – ၁၀တန်အထိလေးလံပါတယ်။

အဆိုပါ မိချောင်းတွေရဲ့ လက်နက်ကတော့ သူတို့ရဲ့ ပါးစပ်ထဲက အလွန်ကြီးမားတဲ့သွားနှစ်ချောင်းဖြစ်ပြီး အဆိုပါ သွားနှစ်ချောင်းနဲ့ပဲ အရာရာကို ကိုက်ဖြတ်စားသောက်ပါတယ်။ တီရက်စ်(T-Rex) လို ဒိုင်နိုဆောတွေအပါအဝင် တခြားအန္တရာယ်ရှိခဲ့တဲ့ ဒိုင်နိုဆောတွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တူးဖော်ခဲ့ရာမှာလည်းဒိုင်နိုဆောတွေရဲ့ အရိုးတွေမှာ အဆိုပါ မိချောင်းကိုက်ထားတဲ့ သွားရာတွေ ရှိခဲ့တယ်ဆိုတာကိုပါ တွေ့ရှိခဲ့ရပါတယ်။

ပုတက်တို့ရဲ့ ခေါင်းဆောင်

တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေချည်းပဲ ကြီးစိုးခဲ့တဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပါတယ်။ ဒိုင်နိုဆောတွေဟာ အရွယ်အစားကြီးမားပြီး အကောင်အရေအတွက်လည်း များပြားခဲ့တာကြောင့် ကမ္ဘာပေါ်မှာ သူတို့ကပဲ အရာရာကို အနိုင်ယူခဲ့ကြတာပါ။ ကုန်းပေါ်မှာ ဖြစ်ဖြစ် – ရေထဲမှာ ဖြစ်ဖြစ် – လေထဲမှာဖြစ်ဖြစ် အဲဒီခေတ် အဲဒီအခါက နေရာတိုင်းမှာ ဒိုင်နိုဆောမျိုးစိတ်တွေချည်းပဲ ပြည့်နှက်ခဲ့ကြပါတယ်။

ဒိုင်နိုဆောတွေမျိုးတုံးပျောက်ကွယ်သွားချိန်မှာတော့ သူတို့နေရာကို ဆက်ဆံမယ့် သတ္တဝါတွေ အသီးသီးပေါ်ပေါက်လာခဲ့ကြပါတယ်။မြေပြင်မှာဆိုရင် အလွန်ရှည်လျားပြီး တုတ်ခိုင်လှတဲ့ မြွေကြီးတွေ – ကောင်းကင်မှာဆိုရင်လည်း အတောင်ပံတစ်ခု ပေ -၂၀လောက်ရှိတဲ့ ကြီးမားတဲ့ငှက်ကြီးတွေ – ရေထဲမှာဆိုရင် မိချောင်းကြီးတွေ စသဖြင့် -အသီးသီး ထွန်းကားလာခဲ့ကြပါတယ်။

ဒိုင်နိုဆောတွေ ရှိစဉ်အခါကတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ ဒုတိယအင်အားအကြီးဆုံးသတ္တဝါတွေသာဖြစ်ပြီး – ဒိုင်နိုဆောတွေမျိုးတုံးသွားချိန်မှာတော့ ပထမနေရာကို ရောက်ရှိလာပါတယ်။ ဒီလိုမျိုး ဒိုင်နိုဆောလွန်ခေတ်မှာ အင်အားကြီးမားလာတဲ့ အကောင်တစ်ကောင်ရှိပါသေးတယ်။ ကုန်းနေ-ရေနေ သတ္တဝါတွေထဲမှာ မိချောင်းတွေ ပြီးရင် အခု ပုတ်သင်လို အကောင်ကြီးမျိုးတွေဟာ အင်အားကြီးသတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာ တူးဖော်ရရှိထားတဲ့ အရိုးစုတွေအရေ အဆိုပါပုတ်သင်တွေရဲ့ ခန္ဓာကိုယ်ဟာ ၂၅ ပေလောက်ရှည်လျားပြီ အလေးချိန်ကလည်း ၂ တန်လောက်လေးလိမ့်မယ်လို့ ခန့်မှန်ထားကြပါတယ်။အဆိုပါ အကောင်ကြီးတွေကို မီဂါလာနီးယား (Megalania)လို့ နာမည်ပေးထားပြီ ဒဏ္ဌာရီပုံပြင်တွေထဲက မီးမှုတ်နိုင်တဲ့ နဂါးတွေသာ အပြင်မှာ တကယ်ရှိခဲ့ရင် အဆိုပါ နဂါးတွေနဲ့ အနီးစပ်ဆုံးမျိုးစိတ်ဟာ အခုပြောနေတဲ့ မီဂါလာနီးယားတွေနဲ့ တူလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ငါးမန်းတို့ရဲ့ အရှင်

မက်ဂါလွန်ဒွန် (Megalodon)ဆိုတဲ့ ငါးမန်းကြီးတွေဟာ ကမ္ဘာပေါ်မှာ တည်ရှိခဲ့သမျှ ငါးမန်းတွေထဲမှာ အကြီးဆုံးငါးမန်းတစ်ကောင်ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ ကမ္ဘာ့အရွယ်အစားအကြီးဆုံးဆိုတဲ့ ငါးမန်းတွေတောင် မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အမြီးပိုင်းလောက်မှာပဲ ကျန်ရစ်ခဲ့မှာပါပဲ။ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ တစ်ချိန်က ပင်လယ်ပြင်ထဲမှာ ကျင်လည်ကျက်စားခဲ့ပြီး အရွယ်အစားကြီးမားလွန်းနေတဲ့ ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။

တူးဖော်ရရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ – သူတို့ရဲ့ သွားကြီးတွေကို ကြည့်ပြီး မက်ဂါလွန်ဒွန် ငါးမန်းကြီးတွေ့ရဲ့ အရွယ်အစားကို ခန့်မှန်းကြည့်ရမှာတော့ အဆိုပါ မက်ဂါလွန်ဒွန် ငါးမန်းတွေရဲ့ အရှည်ဟာ ပေ ၆၀ ကနေ ၇၀ အထိ ရှိနိုင်တယ်လို့ သိပါတယ်။ အခုလက်ရှိ ကမ္ဘာ့အကြီးဆုံးငါးမန်း ဂရိတ်ဝိုက်ခ်ရှက်ခ် (Great White Shark)ကတော့ ၂၁ ပေပဲ ရှည်လားပြီး ၃ တန်လောက်ပဲ အလေးချိန်ရှိပါတယ်။ မက်ဂါလွန်ဒွန်ငါးတွေရဲ့ သွားတစ်ချောင်းစီကလည်း တစ်ချောင်းတစ်ချောင်းကို ၇ လက်မအထိ ရှည်လျားပြီး အင်မတန်ခိုင်မာတဲ့ သွားတွေပါ။သူတို့ရဲ့ အကြိုက်ဆုံးအစားအစာကတော့ ဝေလငါးတွေပဲဖြစ်ပါတယ်။

မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ အစောဆုံးမျိုးတုံးသွားတဲ့ သတ္တဝါတွေထဲမှာထိပ်ဆုံးကဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၆ သန်းလောက်မှာပဲ မျိုးတုံးသွားခဲ့တဲ့ သတ္တဝါတွေပါ။ အရပ် ၆ ပေ – ၇ ပေလောက်သာ ရှိတဲ့ လူသားတွေအတွက်တော့အဆိုပါ ငါးမန်းကြီးတွေဟာ အတော်လေးကို ကြောက်စရာကောင်းနေခဲ့မှာပါ။ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းကြီးတွေဟာ အခုအချိန်အထိ ကျန်ရှိနေခဲ့သေးရင်တော့ လူသားတွေနဲ့ မက်ဂါလွန်ဒွန် (Megalodon)ငါးမန်းတွေရဲ့ တိုက်ပွဲဟာ ပြင်းပြင်းထန်ထန်ရှိနေဦးမှာ အသေအချာပါပဲ။

သွားစင်္ကြာနဲ့ ငါးမန်း

ရေနေ-သတ္တဝါတွေထဲမှာ ငါးမန်းတွေဟာ ကမ္ဘာဦးကတည်းက တည်ရှိခဲ့ပြီး အခုအချိန်အထိ မြင်တွေ့နေဆဲ သတ္တဝါတွေပါ။ ယခင်အချိန်မှာတော့ ငါးမန်းမျိုးစိတ်တွေဟာ ကမ္ဘာမှာ အမျိုးအစားပေါင်းစုံ-အရွယ်အစားပေါင်းစုံ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ငါးမန်းတွေဟာ မျိုးတုံးမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ငါးမန်းမျိုးစိတ်အနည်းအကျဉ်းလောက်သာ ကျန်ရှိပါတော့တယ်။ မျိုးတုံးပျောက်ကွယ်သွားတဲ့ ငါးမန်းတွေထဲမှာ အခုပြောပြပေးမယ့် ငါးမန်းကတော့ လုံးဝကို ထူးဆန်းတဲ့ ငါးမန်းဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်ကတော့ သွားတွေပါ။ ဟေလီကိုပရိုင်းယန် (Helicoprion)ငါးမန်းတွေမှာ ထူးခြားတဲ့ သွားဖွဲ့စည်းပုံတွေရှိပြီး သွားတွေဟာ ထူးဆန်းတဲ့ ပုံစံနဲ့ ရှိခဲ့ကြပါတယ်။

သူတို့သွားတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပုံစံဟာ စင်္ကြာဒလက်ပုံစံရှိနေပါတယ်။ ဟေလီကိုပရိုင်းယန် (Helicoprion)ငါးမန်းတွေဟာ အပေါ်သွားမပါတဲ့ ငါးမန်းတွေဖြစ်ပြီး အစားအစာတွေကိုတော့ အောက်သွားကို အသုံးပြုပြီး စားသုံးကြပါတယ်။ သူ့ရဲ့ အောက်သွားတွေဟာ ထူးဆန်းတဲ့ ပုံစံရှိပြီး စင်္ကြာဒလက်တစ်ခုလို မေးရိုးကို ချိတ်ဆွဲထားပါတယ်။ အစားအစားတွေကို ဖမ်းယူစားသောက်ရင်တော့ အဆိုပါသွားတွေဟာ အသားဖြတ်တဲ့ ဒလက်ကြီးတစ်ခုလို လည်ပတ်နေမှာဖြစ်ပြီး တစ်ခါတည်း အစားတွေကို ချေနင်းပေးသွားမှာဖြစ်ပါတယ်။

Credit-Shwenyanshin