INTERNATIONAL NEWS

နောက်ထပ်နှစ်လကြာလျှင် မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာလုံးဝ လုံးဝပြတ်တောက်တော့မည်

ပြီးခဲ့တဲ့ရက်ကပဲ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ စိုးရိမ်ဖို့ကောင်းလောက်အောင် ရှားပါးနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကိုဗစ်ရိုက်ခတ်မှုကြောင့် အစားအစာတွေ အဓိကတင်သွင်းတဲ့ တရုတ်၊ အီရန်၊ ရုရှားတို့ဘက်ကနေ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

နောက်ပြီး ခရိုနီတွေဟာ ကိုဗစ်ကပ်ဦးကာလကတည်းက နိုင်ငံအတွင်း ဝင်သမျှ စားနပ်ရိက္ခာတွေကို ဂိုထောင်အပြည့်နဲ့ ဝယ်ယူသိုလှောင်ခဲ့တာကလည်း နိုင်ငံအတွင်း စားနပ်ရိက္ခာရှားပါးမှုရဲ့ တွန်းအားဖြစ်စေခဲ့ပါတယ်။ နောက်ဆုံး စားနပ်ရိက္ခာ ပြည့်သူလက်ထဲ ရှားပါးလာချိန်မှာ ခရိုနီတွေဟာ တစ်ရာတန်တဲ့ပစ္စည်းကို တစ်ထောင်နဲ့ ပြန်လည်ရောင်းချမှုတွေကလည်း အခြေအနေကို ပိုဆိုးစေခဲ့တာပါ။

အခုဆို အစားအသောက်တွေရဲ့ ကုန်စျေးနှုန်းတွေဟာ ခေါင်ခိုက်နေပါပြီ။ သတင်းတွေအရ ကော်ဖီတစ်ပါကင်ပင်လျှင် ပေါင်(၇၀)လောက် ပေါက်စျေးရှိနေပါသတဲ့။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကတော့ ပြီးခဲ့တဲ့နှစ်က ကျရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ကိုဗစ်ကြောင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ရပ်ဆိုင်းခဲ့ရတာတွေက လက်ရှိ အခက်အခဲတွေရဲ့ မူလဇစ်မြစ်ဖြစ်ကြောင်း ပါတီမျက်နှာစုံညီ အစည်းအဝေးမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူပြောတာက မြေပြင်အခြေအနေနဲ့ ကွာဟနေပါတယ်။ နောက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူ့တို့လူမျိုးတွေကို လောက်ငအောင် ကျွေးထားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့လည်းကင်က ပြောခဲ့ပါသေးသတဲ့။ Food and Agriculture Organisation of the United Nations (FAO) အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယားအဖို့ စားစရာ နှစ်လလောက်ပဲ ကျန်တော့တယ်လို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားမှာ (၁၉၉၄)ခုနှစ်က အငတ်ဘေးကြီး ကြုံခဲ့ဖူးသေးပြီး၊ ထိုစဉ်က လူဦးရေ (၃)သန်းအထိ ငတ်မွတန်သေဆုံးခဲ့ရဖူးပါတယ်။

ခေါင်းဆောင်ကင်ကတော့ ဖြစ်နေတဲ့အခြေအနေကို အသေးစိတ် ပြည်သူ့ထံ တင်ပြဖို့ ပျက်ကွက်နေဆဲဖြစ်ပါတယ်။ သို့ပေမယ့် နောက်ထပ်လာမယ့် Arduous March လို့ခေါ်တဲ့ အရေးခင်းကြီးအတွက် အသင့်ပြင်ထားကြလို့ ဆိုပါတယ်။ (၉၀)ခုနှစ်တွေတုန်းဖြစ်ခဲ့တဲ့ အငတ်ဘေးကြီးကို Arduous March လို့ အမည်ပေးခဲ့တာပါ။

အဆိုပါ အငတ်ဘေးကြီးဟာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ အရှိန်ကြောင့် မြောက်ကိုရီးယားမှာ (၁၉၉၄)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ ထိုကာလအတောအတွင်းမှာ မြောက်ကနေ တောင်ကို ထွက်ပြေးခိုလှုံသူအရေအတွက် စံချိန်တင်များပြားခဲ့လို့ တင်းကျပ်တဲ့ဥပဒေတွေနဲ့ တားမြစ်ရသည်အထိ ဖြစ်ခဲ့တာပါ။

အခုဆို အများပြည်သူ အဓိကအစားအစာဖြစ်တဲ့ အာလူးဆိုရင် ယခင်ထက် (၃)ဆ စျေးပိုကြီးနေပါပြီ။ ရေနွေးကြမ်း လက်ဖက်ခြောက်အိတ်ဆို အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို ပေါင်(၅၀)လောက်ထိ စျေးမြောက်နေပါတယ်။ နိုင်ငံ အငတ်ဘေးကြီး ကြုံနေချိန်မှာတော့ မြောက်ခေါင်းဆောင် ကင်က မကြာသေးခင်က သမ္မတဘိုင်ဒင်ကို ခြိမ်းခြောက်တဲ့အနေနဲ့ ဒေါ်လာသန်းပေါင်းရာချီ ကုန်ကျတဲ့ ဒုံးကျည်စမ်းသပ်မှုလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။ Crd