AMAZING

ထောင်သားတွေကို သူဌေးတွေလို (သို့မဟုတ်) ခေတ္တလာတည်းတဲ့ အထူးဧည့်သည်တွေလို ထားတဲ့နိုင်ငံတဲ့ (ဖတ်သာကြည့်ပါတော့ဗျာ)

အကျဉ်းထောင်ဆိုတာ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ပြစ်မှုကျူးလွန်ခဲ့သူတွေကို ကျူးလွန်တဲ့အပြစ်အပေါ်မူတည်ပြီး သင့်တော်တဲ့ကာလအပိုင်းအခြားတစ်ခုအထိ ထိန်းသိမ်းထားရှိတဲ့နေရာဖြစ်ပါတယ်။ တချို့ဆိုရင် အလုပ်ကြမ်းနဲ့ထောင်ဒဏ် တွဲပြီးကျခံရတာမျိုးရှိသလို၊ တချို့ဆိုရင် အလုပ်ကြမ်းနဲ့ထောင်ဒဏ်အပြင်၊ ကြိုးဒဏ်စတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကိုပါ တွဲပြီး ရင်ဆိုင်ရပါတယ်။

နိုင်ငံတိုင်းမှာ အကျဉ်းထောင်တွေ ရာနဲ့ချီ ရှိကြပါတယ်။ တချို့သော အကျဉ်းထောင်တွေကတော့ အကျဉ်းသားတွေကို နှိပ်စက်ကလူပြုလေ့ရှိတာကြောင့် လူ့အခွင့်ရေးစောင့်ကြည့်သူတွေရဲ့ မျက်မုန်းကျိုးခြင်း ခံရပါတယ်။ အချို့သော အာဏာရှင်နိုင်ငံတွေမှာတော့ ထောင်သားတွေဟာ ဝဝလင်လင် မစားရသလို၊ ပြစ်ဒဏ်နဲ့မဆိုင်တဲ့ အလုပ်တွေကို လုပ်ပေးရတာတွေ-

ထောင်တွင်း အကြမ်းဖက်မှုတွေ၊ အကျဉ်းသားအချင်းချင်း ရိုက်နှက်ခိုင်းတာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှုတွေ ယနေ့ထက်ထိရှိနေပြီး၊ ဒီလိုနိုင်ငံတွေဟာ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့လည်း ပလဲပနံသင့်အောင် နေလေ့မရှိကြပါဘူး။ အခု ဖော်ပြချင်တာကတော့ နော်ဝေနိုင်ငံဟာ အကျဉ်းသားတွေကို သူဌေးတမျှ ထားတယ်ဆိုတာပါ။

ဒါဟာ အပြောမဟုတ် တကယ်ဖြစ်ကြောင်းကို Dylan Page အမည်ရ တစ်တော့အသုံးပြုသူက ဗွီဒီယိုဖိုင်နဲ့ ရှင်းလင်းထားပါတယ်။ သူ့ရဲ့ရှင်းပြချက်ထဲမှာ ” ဒါကတော့ နော်ဝေမှာ တကယ်ဆိုတာ ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေပေါ့လေ … ဒါက ထောင်သားတွေနေတဲ့ အခန်းပေါ့ … အကျဉ်းသားတိုင်းမှာ ကိုယ်ပိုင်အခန်း ရှိတယ် … ”

” အခန်းထဲမှာ ဘိုထိုင်အိမ်သာရယ် … နောက် ရေချိုးခန်းရယ် ရှိတယ် … ပြီးတော့ ရေခဲသေတ္တာရယ် .. စားပွဲရယ်၊ Flat TV ရယ် … နောက်ပြီး အပြင်ကတောကို လှမ်းငေးလို့ရတဲ့ ပြူတင်းတံခါးတွေလည်း ရှိတယ် … နောက် ထောင်လုံခြုံရေးဝန်ထမ်းဆိုတာ ထောင်ထဲမှာတော့ စံပြမော်ဒယ်တွေ၊ နည်းပြတွေ … ဆရာတွေဆိုလည်း မမှားဘူး …”

”သူတို့တစ်တွေက ထောင်သားတွေနဲ့ အမြဲတန်း တစ်တန်းထဲဆက်ဆံတယ် … အတူတူစားတယ်၊ ဘောလီဘောအတူတူ ကစားတယ်၊ အတူတူ အားလပ်ချိန်တွေကို ဖြတ်သန်းတယ် … ပြီးတော့ အားလုံးကို စိတ်ဓာတ်မကျအောင် ယုံကြည်ချက်ပြန်ရှိအောင်လည်း လမ်းပြပေးတယ် … “လို့ ပြောပါတယ်။ နော်ဝေမှာ သေဒဏ်စီရင်မှုကို (၁၉၇၉)ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

နောက်ပြီး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကိုလည်း ပယ်ဖျက်လိုက်ပြီး၊ အမြင့်ဆုံးထောင်ဒဏ်မှာ (၂၁)နှစ်သာ ဖြစ်ပါတယ်။ နိုင်ငံရဲ့အခြေခံလူတန်းစား မြင့်မားမှုကလည်း အခြားနိုင်ငံတွေထက် ပိုပြီးတိုးတက်နေတာကြောင့် ရာဇဝတ်မှုတွေဟာ တစ်နေ့တခြား နည်းပါးလာခဲ့ပြီး၊ တချို့ဒေသတွေဆိုရင် အကျဉ်းထောင်တွေကို ပိတ်ထားရသည်အထိ ဖြစ်ပါသတဲ့။

ထောင်မှူးကြီး Are Hoidal ရဲ့အပြောအရတော့ ” သူတို့ကို ဒီလိုထားပေးတော့ အားလုံး စိတ်အေးလက်အေး ရှိတာပေါ့ … ဒီလိုနေရာမျိုးမှာ ဒေါသတွေ အကြမ်းဖက်မှုတွေဖြစ်ရင် ပိုဆိုးမှာပဲလေ … ဒီတော့ ကျွန်တော်တို့ကလည်း လူအေးတွေ၊ အေးအေးချမ်းချမ်းနေလိုသူတွေကို လိုချင်ပါတယ် … “လို့ ပြောပါတယ်။ သူတို့ကို ထောင်လုံခြုံရေးလို့ ခေါ်တာနဲ့ပတ်သက်ပြီး-

” လုံခြုံရေးလို့ မပြောနဲ့ဗျ … တကယ်က ထောင်အရာရှိပဲ … ကျွန်တော်တို့ဟာ အကျဉ်းသားတွေ ဘယ်သူလွတ်လွတ် ကျန်တဲ့လူတွေနဲ့ ဆက်နှစ်ပါးသွားရတာလေ … ကျွန်တော်တို့အလုပ်က လူတစ်ယောက် ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့ရယ် .. .သူ့ကို အပြင်မှာ လူကောင်းတစ်ယောက် ဖြစ်လာစေဖို့ရယ်ပဲ … ကျွန်တော်တို့က သူတို့အတွက် စံပြမော်ဒယ်တွေ”

” ဘဝလမ်းညွှန် နည်းပြတွေ၊ ဆရာတွေဆိုပါတော့ … ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ (၂)နှစ်အကြာမှာ ရာဇဝတ်မှုဟာ (၂၀)%အထိ လျှော့ချနိုင်ခဲ့ပါတယ် … ငါးနှစ်ကြာတော့ ရာဇဝတ်မှု (၂၅)%အထိ ကျသွားပြီး … ဒီကရှေ့ ပိုပြီးတော့ နေပျော်ဖွယ်ကောင်းတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာတော့မှာပါ … ဒီတော့ ဒီစီမံကိန်းက အလုပ်ဖြစ်တယ်ဗျ … “လို့ ပြောပါတယ်။

ဒါဆို ထောင်ထဲမှာနေရတာ အကျဉ်းသားတွေ ပေါ့ပေါ့ပါးပါး ရှိရဲ့လားဆိုတော့ ” ခင်ဗျား အရင်တုန်းက ရခဲ့တဲ့ လွတ်လပ်မှုမျိုးကိုတော့ ထောင်ထဲမှာ တွေ့ရမှာ မဟုတ်ဖူးပေါ့ … နော်ဝေမှာ ထောင်ချတယ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ လွတ်လပ်မှုကို ဖယ်ရှားတဲ့သဘောမျိုးဗျ … ဒါပေမယ့် သူတို့မှာ အခွင့်အရေးတွေရှိတယ် .. မဲပေးလို့ရတယ် … ကျောင်းတက်မလား၊ ကျန်းမာရေးကိစ္စ စတဲ့ နော်ဝေသားတွေရတဲ့အခွင့်အရေး တစ်စက်မှ မလျှော့ပဲ ရကြတယ် …”

” ဘာလို့လဲဆိုတော့ သူတို့လည်း လူတွေပဲလေ … သူတို့ မှားတာတွေ လုပ်ခဲ့တယ် … ဒီအတွက် အပြစ်ပေးခံရမယ် .. ဒါပေမယ့် သူတို့က လူသားတွေပဲလေ … ပြီးတော့ ထောင်ထဲမှာ နေတာထိုင်တာ အိုကေရင် အမြန်လွှတ်ပေးဖို့အတွက် ထောင်အာဏာပိုင်တွေမှာ အခွင့်အရေး ရှိတယ် “လို့ ပြောပါတယ်။ သူက ထောင်သားတွေကို နှိပ်စက်လို့ သူတို့တစ်တွေလွတ်မြောက်ရင်၊ လူတွေကို ထပ်ပြီး ဒုက္ခပေးနိုင်တယ်လို့လည်း ပြောပါတယ်။

နော်ဝေအကျဉ်းထောင်တွေထဲမှာ အဆင့်မြင့်ဗွီဒီယိုဂိမ်းတွေ၊ စာကြည့်တိုက်တွေ၊ ထောင်ဝင်စာလာတွေ့သူတွေ အဆင်ပြေအောင် တည်းခိုနိုင်ရေးတွေအပြင်၊ အစားအစာ ပံ့ပိုးတဲ့ပုံစံမှာလည်း အသားကြိုက်သူတွေအတွက် အသားဟင်း လုံးဝမပြတ်သလို၊ အသားမစားသူတွေအတွက်ကိုလည်း အထူးချက်ပြုတ် ကျွေးပါသတဲ့။

Crd