Daily News

ကြိုးစားပမ်းစား ရှာဖွေရသမျှကို စုဆောင်းတတ်တဲ့ တုတ်ချောင်းသူဌေးကြီး

လူတွေမှာလည်း သူများနဲ့မတူတဲ့ ဝါသနာတွေ ရှိနေတတ်ကြပါတယ်။ ဥပမာ ပစ္စည်းတွေ စုဆောင်းခြင်းပါ။ တံဆိပ်ခေါင်းတွေ စုဆောင်းတာကို လူအများစု ကြားဖူးပြီးသား ဖြစ်ပေမယ့် တချို့က ကြံကြံဖန်ဖန် ပုလင်းခွံတွေ၊ ဂေါ်လီလုံးတွေ စသဖြင့် ထူးခြားတဲ့ ပစ္စည်းလေးတွေကိုလည်း စုဆောင်းတတ်ကြပါသေးတယ်။

လူတွေနည်းတူ အသက် (၄) နှစ်အရွယ် Golden Retriever ခွေးလေး ဘရုစ်ဆီမှာလည်း စုဆောင်းတဲ့ ဝါသနာတခု ရှိပါတယ်။ မွေးရာပါဗီဇကြောင့်ဆိုဆို၊ အတွေ့အကြုံတွေကြောင့်ပဲ ပြောပြော ခွေးလေး ဘရုစ်က တုတ်ချောင်းတွေ စုဆောင်းဖို့ ဝါသနာပါနေပါတယ်။ ပြီးခဲ့တဲ့ ဆောင်းတွင်း နှင်းတွေ ကျလာချိန်မှာ ခွေးလေးဘရုစ် အကြိုက်ဆုံး တုတ်ချောင်းက နှင်းထုကြီးအောက်မှာ နစ်မြုပ်သွားခဲ့ပါတယ်။

နောက်တနေ့ မိုးလင်းတာနဲ့ နှင်းထုကြီးထဲ ဟိုဟိုဒီဒီ ရှာဖွေခဲ့ပေမယ့် အဲဒီတုတ်ချောင်းလေးကို ပြန်ရှာလို့ မတွေ့ခဲ့ပါဘူး။အဲဒီအချိန်ကစပြီး ခွေးလေးဘရုစ်ဟာ တုတ်ချောင်းမျိုးစုံကို သေသေချာချာ သိမ်းဆည်းပြီး စုဆောင်းတတ်လာခဲ့ပါတယ်။ အခုဆိုရင် သူ စုဆောင်းထားတဲ့ တုတ်ချောင်းစုစုပေါင်းက (၅၀) ခန့် ရှိနေပါပြီ။

သူ့ရဲ့ တုတ်ချောင်းတွေက အတိုအရှည် မတူညီသလို ပုံသဏ္ဍာန်လည်း ကွဲပြားကြပါတယ်။ ဒါပေမယ့် သူ အရမ်းပျော်နေတာတွေ့လို့ ဖခင်ဖြစ်သူ လီယိုက ဘာမှ မပြောသာတော့ပါဘူး။ တရက်မှာတော့ ခွေးလေးဘရုစ် အရမ်းပျော်နေတာကို လီယို သတိထားမိလိုက်ပါတယ်။ ခုန်ပေါက်မြူးတူးနေတဲ့ ခွေးလေး ဘရုစ်ဆီ သွားကြည့်တဲ့အချိန်ကျမှ အကြောင်းအရင်းကို သိလိုက်ရပါတယ်။

နှင်းထုကြီးထဲ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့ တုတ်ချောင်းလေးကို ပြန်တွေ့ခဲ့လို့ပါ။ဘယ်လိုပဲ ဖြစ်ဖြစ် ခွေးလေးဘရုစ်ကတော့ သူ့ရဲ့ ဝါသနာကို မစွန့်လွှတ်နိုင်တော့ပါဘူး။ အခုချိန်ထိအောင် တုတ်ချောင်းလေးတွေကို ဝမ်းသာဂုဏ်ယူစွာ ဆက်လက် စုဆောင်းလျက် ရှိနေပါတယ်။

တုတ်ချောင်းသူဌေးကြီး ဘရုစ်ကို ချစ်ပေးကြပါဦးနော်။

.

.