Love & Relationship

အသီးအရွက်ပန်းစည်းဖြင့် နှစ် ၉၀မြောက် ချစ်သူများနေ့ကို ကြည်နူးပျော်ရွှင်စွာ ကျင်းပခဲ့ကြတဲ့ အသက် ၁၀၀ ကျော်စုံတွဲ

နှစ်စလုံးအသက် ၁၀၀ ကျော်ပြီဖြစ်တဲ့ အသက်ကြီးတဲ့ချစ်သူစုံတွဲတစ်တွဲဟာ Valentine’s Day ကို ငယ်ရွယ်နုပျိုတဲ့ချစ်သူစုံတွဲများအဖြစ် ကျင်းပနေဆဲဖြစ်ပါတယ်။ ၎င်းတို့ဟာ အသက်အရွယ်ဘယ်လောက်ပဲကြီးနေပါစေ အချစ်က ကျွန်တော်တို့ရဲ့ဘ၀မှာရင်ခုန်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုဆိုတာကို ကျွန်တော်တို့အား သက်သေပြခဲ့ကြပါတယ်။ အဆိုပါအသက် ၁၀၀ ကျော် တရုတ်စုံတွဲဟာ ၎င်းတို့ရဲ့ အကြိမ် ၉၀ မြောက် Valentine’s Day ကို သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များဖြင့်ပြုလုပ်ထားသောအထူးပန်းစည်းဖြင့် ကျင်းပခဲ့ကြပါတယ်။

အသက် ၁၀၃ နှစ်အရွယ် Wu Conghan အမည်ရှိခင်ပွန်းနှင့် သူ၏ ၁၀၅ နှစ်အရွယ် ဇနီး Wu Songshi တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၎င်းတို့ရဲ့အထူးချစ်သူများနေ့ကိုကျင်းပကာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ အဘိုး Conghan ဟာ အဘွား Songshi အား သူမနှင့်အကျွမ်းတဝင်ရှိတဲ့ ဟင်းသီးဟင်းရွက်များနှင့်သစ်သီးမျိုးစုံတို့ဖြင့် ပြုလုပ်ထားတဲ့ပန်းစည်းကို လက်ဆောင်ပေးခဲ့ပါတယ်။

ချစ်တတ်လွန်းတဲ့အဘိုးက ၎င်းပန်းစည်းကို broccoli ၊ kumquats၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်တို့ဖြင့်ပြုလုပ်ပြီး အနီရောင်ဖဲကြိုးဖြင့်လည်း ချည်ထားခဲ့တဲ့အပြင် ပန်းစည်းတွင် ၎င်းတို့ရဲ့ ၉၀ နှစ်မြောက် ချစ်သူများနေ့ရဲ့အထိမ်းအမှတ်အဖြစ် ပဲစေ့ပေါင်း အစေ့ ၉၀ ကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။ Chinanews မှတင်ပြသည့်အတိုင်း အဘိုး Conghan ဟာ ၁၃ နှစ်သားအရွယ်မှာ အဘွား Songshi နှင့်လက်ထပ်ခဲ့တာပါ။ လောလောဆယ်မှာတော့ အဘိုးအဘွားတို့စုံတွဲဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ် Nanchong မြို့ရှိအေးချမ်းတဲ့ရွာလေးတစ်ရွာမှာ နေထိုင်လျက်ရှိပါတယ်။

အဘိုး Conghan က Valentine’s Day မတိုင်မီ ရက်အနည်းငယ်အလိုအတွင်းမှာ ၎င်းအထူးပန်းစည်းရဲ့စိတ်ကူးက သူ့စိတ်ထဲသို့ရောက်လာခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။ အဘိုးအဘွားတို့ဟာ နှစ်ပေါင်း ၉၀ ကြာအထိ အတူတကွ အတူရှိလာခဲ့ကြတာကြောင့် အဘိုးဟာ ဇနီးဖြစ်သူ၏ဆန္ဒကို သိလိုက်ရပြီးနောက် ဇနီးဖြစ်သူအား သူ့ရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားစေလိုခဲ့ပါတယ်။ ဒေသခံရွာသားများရဲ့ပြောစကားအရ အဆိုပါသက်ကြီးရွယ်အိုစုံတွဲဟာ အလွန်ပင် အကောင်းမြင်စိတ်ရှိကြတဲ့အပြင် ၎င်းတို့စုံတွဲဟာ တစ်ဦးကိုတစ်ဦးချစ်ကြောင်း အမြဲပြလေ့ရှိကြပါတယ်။ အဘိုးအဘွားတို့စုံတွဲဟာ ၎င်းတို့ရွာ၌ စံပြစုံတွဲတစ်တွဲလည်း ဖြစ်နေပါတယ်။

တစ်ဦးပေါ်တစ်ဦးချစ်တန်လွန်းတဲ့အဆိုပါစုံတွဲရဲ့သားသမီးများထဲမှတစ်ဦးက ချစ်ခြင်းမေတ္တာဟာ သူ့မိဘများ၏အသက်ရှည်ခြင်းရဲ့လျှို့ဝှက်ချက်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လူတွေဟာ အသက်ကြီးလို့လာနေပေမယ့် ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာကလည်း ပိုမိုလှပလာနေစမြဲပါဘဲ။

Credit – Mia (KB Chimmy One)