AMAZING

အနာခံပြီး ဦးခေါင်းခွံကိုဖောက်ကာ ရွှေဆွဲကြိုးအစစ်တွေဆွဲထားတဲ့ ရက်ပါအဆိုတော်တစ်ဦး

ဒီဇိုင်းနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ တစ်ယောက်တည်းလို့တောင် ပြောလို့ရတဲ့ ရက်ပါတစ်ယောက်ကတော့ အခြားလူငယ်တွေနဲ့ မတူတဲ့ ဒီဇိုင်းနဲ့ လူစိတ်ဝင်စားမှုခံရဖို့ ကြိုးပမ်းနေရှာပါတယ်။ သူ့အမည်ကတော့ Dan Sur ဖြစ်ပါတယ်။ သူဟာ သူများနဲ့မတူညီတဲ့ ဒီဇိုင်းပုံစံကြောင့် လက်တလော သတင်းစာမျက်နှာတွေထက်မှာ ရေပန်းစားခံနေရပါတယ်။ သူဟာ ဦးခေါင်းခွံကို အနာခံခွဲစိတ်ပြီး ဆံပင်အစား ရွှေဆွဲကြိုးတွေ တူလောင်ဆွဲကာ စတန့်ထွင်ခဲ့တာပါ။ သူ့ရဲ့ခေါင်းမှာ ရွှေဆွဲကြိုးသံတွေ တချွင်ချွင် ဖြစ်နေပါသတဲ့။

သူ့အဆိုအရတော့ သူနဲ့ လိုင်းတူ အနုပညာရှင်တွေတော်တော်များများဟာ ဆံပင်ကို ကာလာစုံ၊ ဒီဇိုင်းပုံစံ စုံလင်စွာနဲ့ အလှဆင်နေကြတာကို ကျော်ဖြတ်နိုင်ဖို့ ဒီလို ဦးခေါင်းခွံ အနာခံဖောက်တဲ့နည်းကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီနည်းဟာ ကမ္ဘာပေါ်မှာ သူ့အပြင် နှစ်ယောက် မရှိနိုင်ဘူးလို့ ပြောပါတယ်။ သူက ရိုးရှင်းလွန်းတဲ့ အခြားဒီဇိုင်းတွေနဲ့ပတ်သက်ပြီး ” ကျွန်တော့်သဘောက တခြားလူတွေက သူတို့ဆံပင်တွေကို ဆေးတွေအမျိုးမျိုးဆိုးကြတယ်။

ဒါကို ကျော်ဖြတ်ချင်တယ်။ အခုဆို ကျွန်တော့်ပုံစံကို ဘယ်သူမှ အတုခိုးမချတော့ဘူးလို့ ထင်မှတ်ရတာပဲ “လို့ ပြောခဲ့ပါတယ်။ သူဟာ သူများထက် နှာတဖျား သာခဲ့ပြီလို့လည်း ဆိုပါတယ်။ သူဟာ ဆံပင်တွေနေရာမှာ ရွှေသားစစ်စစ် ဆွဲကြိုးတွေကို အနာခံဖောက်ပြီး တွဲလောင်းချခဲ့တာပါ။ ဒါကို လူတွေက မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေကြပါတယ်။ သို့ပေမယ့် Dan Sur ကတော့ သူဟာ ဒီခွဲစိတ်ပြုပြင်မှုကို တကယ်လုပ်ခဲ့တာဖြစ်ကြောင်း အာမခံခဲ့ပါတယ်။ တချို့ဆို ဒါဟာ ရွှေအစစ်တွေ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်နေပါတယ်။

ဒီအတွက် Dan Sur က ” အစစ်တွေပါ ဘယ်လို လုပ်သလဲဆိုတော့ ဦးခေါင်းခွံထဲကို စိုက်ထားတာ အဲဒီအတွက် ချိတ်ကလေးတွေက ဦးခေါင်းခွံကို တွယ်ထားရတာပေါ့လေ။ တချို့ကိုတော့ ဦးခေါင်းအရေပြားကနေ ဖောက်ဆွဲထားတယ် ရွှေဆံပင်ပေါ့ဗျာ ရက်ပါလောကမှာ ကျွန်တော်က ဒီပုံစံ ပထမဆုံးပဲ “လို့ ဗွီဒီယိုဖိုင်နဲ့ ရှင်းပြခဲ့ပါတယ်။ တချို့ကတော့ သူ့ကို ရက်ပါလောကမှာ အကြွားထူဆုံးဆိုပြီး ဝေဖန်နေပါတယ်။

Credit – လင်းသုတ